Ye Shan

ရဲသျှမ်း ကိုယ်ရေးအတ္ထုပ္ပတ္တိ အကျဉ်း

အမည်ရင်း ဦးရဲလွင်။ မန္တလေးမြို့တွင် မွေးဖွား။ အဘ ဦးကျော်သန်း၊ အမိ ဒေါ်တင်ညွန့်။ မွေးချင်း ၇ ယောက်အနက် နံပတ် ၅။ ရှမ်းပြည်တောင်ပိုင်း ရွှေညောင်မြို့ အမက ၂ တွင် ကျောင်း စ,တင်နေ။ ၁၉၇၆ ခုနှစ်တွင် အထက ၁၄ မန္တလေးမှ အခြေခံပညာ အထက်တန်း အောင်မြင်။ မန္တလေးဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်မှ ၁၉၈၀ တွင် ဘူမိဗေဒ ဘွဲ့ရရှိ။ ဇနီး ဒေါ်အေးအေးမြ။

၁၉၇၈ ခုနှစ် စက်တင်ဘာလ, ထုတ် မိုးဝေမဂ္ဂဇင်းတွင် ဖော်ပြခံရသော “ပွင့်ငုံ” ကဗျာသည် ပထမဆုံး ပုံနှိပ်ခံရသော စာမူ ဖြစ်သည်။

၁၉၈၅ ခုနှစ်မှ စ၍ ဝတ္ထုတိုများ စ,တင်ရေးသားခဲ့၊ ဝတ္ထုတို ၁၅၀ ကျော်၊ အက်ဆေး ၈၀ ကျော်၊ ဆောင်းပါးများစွာ ရေးခဲ့ပြီး ဖြစ်။

ထုတ်ဝေပြီး စာအုပ်များ

(၁) ၁၉၉၃ ခုနှစ်တွင် “အသည်းကွဲ ရှန်တိန်” ဝတ္ထုတိုများ၊

(၂) ၂၀၁၀ ခုနှစ်တွင် “ဘူတာရုံလေး” ဝတ္ထုတိုစု (ယင်း စာအုပ်ဖြင့် အမျိုးသားစာပေဆု ၂၀၁၁ တွင် ရရှိ။)၊

(၃) ၂၀၁၁ ခုနှစ်တွင် “သန့်ရှင်းသော ရယ်သံများ” ဝတ္ထုတိုများ၊

(၄) ၂၀၁၁ ခုနှစ်တွင် “ကျွန်တော် အချိန်သူခိုး” စာတမ်းဖြင့် ‘ရွှေအမြုတေ စာပေ ရွှေဆု’ ရရှိခဲ့၊

(၅) ၂၀၁၂ ခုနှစ်တွင် “ဖူးတံဝင့်လို့ချီ” ဝတ္ထုတိုများ၊

(၆) ၂၀၁၃ ခုနှစ်တွင် “အောင်မြင်မှုရဲ့ ဝတ်ရုံများ” (သား ရဲဝဏ္ဏသို့ ပေးစာများ) နှင့် “ကျွန်တော် အချိန်သခိုး” ရသစာတမ်းများ၊

(၇) ၂၀၁၄ ခုနှစ်တွင် “လမ်းဆုံဘူတာ” ဝတ္ထုတိုများ နှင့် “အန်ချလိုက်တဲ့ စာတွေနှင့် ပညာရေး ဆောင်းပါးများ”၊

(၈) ၂၀၁၅ ခုနှစ်တွင် “လွမ်းသူ့ရထား” ရသစာတမ်းများ၊ “ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်ရအောင်” (သား ရဲဝဏ္ဏသို့ ပေးစာများ)၊ “မမြင်သူတွေ မြင်စေဖို့” (သား ရဲဝဏ္ဏသို့ ပေးစာများ)၊ “ကြယ်ကြွေများကို ငေးကြည့်ခြင်း” ဝတ္ထုတို ခံစားမှု ဆောင်းပါးများ၊

(၉) ၂၀၁၇ ခုနှစ်တွင် “ပညာရေးမှာ အမိန့်ပေးဝါဒ လွှမ်းမိုးရင်..” ပညာရေး ဆောင်းပါးများ။

(၁၀) ၂၀၁၇ ခုနှစ်တွင် “ဝတ္ထုတို ၁၀၀” စုစည်းမှု၊

(၁၁) ၂၀၁၈ ခုနှစ်တွင် ဝတ္ထုတိုရာပြည့် အထိမ်းအမှတ် “ရဲသျှမ်း ဝတ္ထုတို ၅”၊ “နေရာလွတ်နှင့် ဇ,ဇရပ်မှာ တည်းခိုပါ” ရသစာတမ်း စာအုပ်ကို စာရေးဆရာ ကြယ်လွဲမိုးနှင့် ပူးတွဲ ထုတ်ဝေ။

(၁၂) ၂၀၂၀ ခုနှစ်တွင် “မုန်တိုင်းပျိုးချိန်မှတ်စုများ” အက်ဆေးစာအုပ် ထုတ်ဝေခဲ့၊

အနုပညာလှုပ်ရှားမှု

– ၂၀၁၆ ခုနှစ်တွင် တောင်ကိုးရီးယားနိုင်ငံ 21 Creative Writers Association က ဖိတ်ကြားသည့် Manhae စာပေပွဲတော်သို့ တက်ရောက်ပြီး မြန်မာနိုင်ငံ၏ စာပေ၊ ယဉ်ကျေးမှုနှင့် ငြိမ်းချမ်းရေး စာတမ်း (အင်္ဂလိပ်/မြန်မာဖြင့်) ဖတ်ကြားခဲ့၊

– ၂၀၁၉ ခုနှစ်တွင်  ရသ,စာရေးဆရာ ၁၄ ဦးနှင့် အတူ တရုတ်ပြည် မြို့ကြီး ၅ မြို့ရှိ တက္ကသိုလ်များမှ မြန်မာစာ ကျောင်းသေားများနှင့် စာပေ ဆွေးနွေးပွဲများနှင့် စာပေဟောပြောပွဲများတွင် ပါဝင်ခဲ့၊

– လက်ရှိတွင်လည်း ရွှေအမြုတေ၊ ပညာ့ခေတ်၊ အလိမ္မာ မဂ္ဂဇင်းတွင် လ,စဉ်ရေးသားလျှက်ရှိပြီး စံတော်ချိန် သတင်းစာ၊ 7 Day သတင်းစာ တို့တွင် အက်ဆေးများနှင့် ဆောင်းပါးများ ရေးသားလျက်ရှိပါသည်။

ရဲသျှမ်း

+၉၅၉ ၅၁၄ ၂၀၇၃

Email: yeshan2000@gmail.com

Facebook: Ye Shan

Address: 4th street Zeyar Qtr. Sagaing.upper Myanmar.

သားကောင်များ

(၁-က)

တောင်ဆိတ်အုပ်စု အကောင် ၄-၅ဝ ခန့်တော့ ရှိမည်။ စမ်းချောင်းလေးဆီလား၊ မြက်စိမ်းနုစိုစိုဆီလား၊ အစုအဝေးလိုက် စည်းချက်မှန်, ခြေလှမ်းတို့ဖြင့် တစ်လှမ်းချင်း, တစ်ရွှေ့ချင်း သောက မရှိ၊ အပူအပင် မရှိ။

(၁-ခ)

သူတို့ရုံးမှာ ဝန်ထမ်း ၂ဝ ကျော် ရှိသည်။ အငယ်တန်းစာရေး၊ အကြီးတန်းစာရေး၊ စာပေးစာယူ စာရေး၊ ဌာနခွဲစာရေး၊ လက်နှိပ်စက်စာရေး၊ ကွန်ပျူတာကျွမ်းကျင် စ,သည်ဖြင့် သူ့ Section အလိုက် ရာထူးအဆင့် အမျိုးမျိုး ရှိသည်။ စားပွဲ ၁ဝ လုံး မျက်နှာချင်းဆိုင်ထားပြီး အလယ်က လျှောက်လမ်း ဖြစ်သည်။

စားပွဲတွေနောက်မှာ စာရင်းဇယား စာအုပ်များထည့်ထားသည့် ဦးစားပေးအဆင့်အတန်း မှတ်သားထားသော ဘီရိုကြီးများနှင့် စာရွက်ဖိုင်များ တင်ထားသည့် စင်ကြီးများ ရှိသည်မို့… ရုံးခန်းက အကျယ်ကြီး ဟုလည်း မဆိုသာ။ လက်ထောက် ညွှန်ကြားရေးမှူး သူ့စာပွဲက မျက်နှာချင်းဆိုင် စားပွဲတွေကို ထိပ်က ပိတ်ထားသည့် အလား ရှိသည့် အတွက် ဝန်ထမ်းအားလုံး၏ လှုပ်ရှားမှုကို မမြင်လိုပါဘဲ မြင်နေရသည်၊ မကြည့်လိုပါဘဲ ကြည့်နေရသည်။

သူနှင့် မျက်နှာချင်း ဆိုင် ရုံးအဝင်ပေါက် နံရံရှိ ၂၆ လက်မ LCD တီဗွီ၏ မြင်ကွင်းလိုပဲ ဖြစ်နေသည်။ ညွှန်ကြားရေးမှူး၏ လေအေးပေးစက် အခန်းထဲမှာ Skynet Box ထားပြီး ၎င်း ကိုယ်တိုင်ကလည်း LCD တီဗွီ တစ်လုံးနှင့် အစီအစဉ်တွေကို ကြည့်နေတတ်သည် ဆိုတော့… သူတို့ရုံးခန်းရှေ့ တီဗွီအစီအစဉ်က ညွှန်ကြားရေးမှူး၏ ဆန္ဒအတိုင်းပဲ ဖြစ်လို့ နေသည်။ ရုံးတာဝန်ချိန်မှာ တီဗွီကြီး ဖွင့်ထားတာ မကောင်းပါဘူး ဟု ဘယ်သူကမှလည်း စောဒက မတက်၊ ဝေဖန်ရေး မလုပ်တာ ဆိုတော့… ဝန်ထမ်းများ အားလပ်ချိန် (သူကတော့ သူ့ဝန်ထမ်းတွေ အမြဲတမ်း အားနေသလိုပဲ ဟု ထင်သည်) မှာ တီဗွီ အစီအစဉ်က ငေးမောစရာ ကောင်းလှသည့် ဖျော်ဖြေရေး အစီအစဉ်ပဲ ဖြစ်သည်။ ခက်တာက ညွှန်ကြားရေးမှူး၏ ခံစားချက်သည် တောကောင်တွေ၏ သဘာဝကို နှစ်သက်ဟန် ရှိသည်။

အချိန် တော်တော်များများမှာ Worldwide Channel ကိုပဲ ဖွင့်ထားတတ်သည်။ သည်တော့ သူ့မှာ မမြင်လိုဘဲ မြင်နေရ၊ မကြည့်လိုဘဲ ကြည့်နေရတော့သည်။

“အဲသည်နေရာက နေရာကောင်း၊ အင်းလေ အမြန်ဆုံးကျအောင် ဆက်,တင်ပေးလိုက်မယ်”

စာပေးစာယူ စာရေးလေးရဲ့ ပြာတာတာ အသံ။

“နည်းနည်းတော့ ခက်တယ်၊ ရုံးချုပ်အဝင်, အထွက်လိုတယ်”

အကြီးတန်း စာရေးမကြီးရဲ့ စူးရှရှ စကားသံ။

“ကွန်ပျူတာရိုက်ရမယ်၊ မြေပုံဆွဲရမယ်၊ အော်တိုကက်နဲ့မှ အဆင်ပြေမှာ၊ မိတ္တူတွေကလည်း လိုသေးတယ်” ကွန်ပျူတာကျွမ်းကျင်ရဲ့ သြအက်အက် စကားသံ။

“လျှောက်လွှာတွေက တထပ်ကြီး၊ ဦးစားပေး လုပ်ပေးရမှာ ဆိုတော့ … အင်း”

ဌာနခွဲစာရေးကြီးရဲ့ သွေ့ခြောက်ခြောက် အသံ။

အားလုံး တညီတညွတ်တည်း ခြေလှမ်းတို့ စည်းချက်အမှန်၊ ကိုယ့်စားပွဲ အသီးသီးမှာ အထုပ်ကလေးတွေ စာအိတ် လေးတွေ ကိုယ်စီ, ကိုယ်စီဖြင့် နိစ္စဓူဝ ရုံးဆင်းအပြန်မှာ မိသားစု ဆန်ဖိုး၊ ဆီဖိုး၊ စာအုပ်ဖိုး၊ ဖယောင်းတိုင်ဖိုး၊ အရက်ဖိုး၊ ဖဲဖိုး၊ နှစ်လုံးဖိုး၊ ကာရာအိုကေဖိုး၊ မာဆက်ဖိုး တစ်ခု သို့မဟုတ် နှစ်ခု သို့မဟုတ် အားလုံးလည်း ဖြစ်သွားနိုင်ပါသည်။

(၂-က)

သည်အခိုက်မှာပဲ… တောင်ဆိတ်တို့ ဖရိုဖရဲ, ဝရုန်းသုန်းကား။ တော၏ ဘုရင်, ခြင်္သေ့တစ်ကောင်က တောင်ဆိတ်အုပ်စု ဘေးမှ တဝေါင်းဝေါင်း ဟောက်သံပြုပြီး ပြေးလိုက်လာသည်။ မြင်ကွင်းက ကြည်နူးဖွယ်ရာမှ အကျည်းတန် အဖြစ် ရုတ်တရက် ပြောင်းသွားပြီ။ တောင်ဆိတ်တို့၏ ခြေလှမ်းများ စည်းချက်ညီရာမှ ရှုပ်ရှုပ်ထွေးထွေး ဖြစ်ကုန်ပြီ။ အငြိမ်မှ အဆူ သို့ ဒရမ်ရိုက်ချက် ပြောင်းသွားသလို ခံစားရသည်။ မြင်ကွင်းမလှတော့။ တောင်ဆိတ်တို့၏ မျက်လုံးအရောင်က ကြောက်လန့်, တုန်လှုပ်မှုတို့ဖြင့် ဖွဲ့တည်နေသည်။ လွတ်အောင် ‘ပြေး’ ဆိုသည့် အသိမှတပါး အခြားမရှိသည့် အသွင်သဏ္္ဌာန်များပဲ ဖြစ်မည်။

ခြင်္သေ့က ပါးနပ်သည်။ အကောင်ကြီးကြီးကို ဟန့်ပြီး အကောင်ငယ်ကို ချောင်းသည်။

ခြေလှမ်းမှားမည့်၊ သင်းကွဲဖြစ်သွားမည့် တောင်ဆိတ်ငယ်ကိုသာ အမိအရ ဖမ်းဆွဲဖို့ပဲ အားထုတ်ဟန် ရှိသည်။ ခြင်္သေ့က တောင်ဆိတ်အုပ်စုနှင့်သာ ပြိုင်ပြေးနေပေမယ့် အကြည့်က ပဲ့ထွက်သွားမည့် ခြေလှမ်းမှားမည့် အကောင်ကိုသာ မဲနေသည်။

“မင်းကို ကိုက်သတ်မယ့်ကောင်… ဘေးဖဲ့မထွက်နဲ့ သစ်ရွက်နု၊ မြက်စိမ်းနုနုကို စားချင်တာပဲ မကြည့်နဲ့လေ..။ ဟာ ဒုက္ခပဲ အုပ်စုမကွဲနဲ့။ ဒီအကောင် မင်းတို့အုပ်စုအတွင်းထဲ မဝင်ရဲဘူး။ ဘေးက ပတ်ပြီး လှန်းခြောက်မှာ သင်းကွဲ မဖြစ်စေနဲ့။ သင်းကွဲ ဖြစ်ရင်တော့ လွတ်လွတ်ကျွတ်ကျွတ် ဆွဲသွားမှာ”

ရင်ထဲက စကားများပဲ ဖြစ်ပါသည်။ တီဗွီ အစီအစဉ်ကတော့ သူ့ရင်ထဲက စကားများကို နားလည်လိမ့်မည် မဟုတ်ပါ။ ‘ဝုန်း’ ကနဲ ခုန်အုပ်လိုက်ချိန်မှာတော့ တောင်ဆိတ်ငယ် တစ်ကောင်၏ လည်မြိုကို ခဲမိသွားပြီး ခြင်္သေ့က အုပ်စုထဲမှ တယဉ့်တိုက် ဆွဲထုတ်သွားသည်။ ကျန်သည့်ကောင်များကတော့ ကြောက်လန့်တကြား, ကစဥ့်ကလျား ပြေးလျက်။

ခြင်္သေ့၏ အားကောင်းသန်မာသော မေးရိုး၏ အလှုပ်အရှားဖြင့် ချွန်းမြမာကြောသော သွားစွယ်များအောက် အသက်ပျောက်လုဖြစ်, အသံမထွက်နိုင်တော့သော တောင်ဆိတ်သင်းကွဲလေးကို တောင်ဆိတ်အုပ်တို့ ထားရစ်ခဲ့ပြီ။

တော၏ သဘာဝနိယာမ။ အားကြီးသူမှ အားနည်းသူတို့အပေါ် ရက်စက်သော သတ်ဖြတ်မှု။

တောင်ဆိတ်တစ်ကောင်ကား ခြင်္သေ့၏ ပယ်ပယ်နယ်နယ်, ဖဲ့ရွဲ့, မြိန်ရေယှက်ရေ စားသောက်မှု အောက်မှာ ပုံပျက်, ပန်းပျက် ဖြစ်သွားတော့သည်။

ခြင်္သေ့ကား စိမ်ပြေနပြေ စားသောက်ပြီး ပါစပ်တစ်ဝိုက် ပေကျံနေသော သွေးစသွေးနများကို လျှာနှင့် သိမ်းလျက် အားရ, ကျေနပ်, ဗိုက်ဝသွားပြီမို့ တစ်လှမ်းချင်း ရွေ့ကာ ရိပ်မြုံဆီ ပြန်အသွားမှာတော့ ခြုံအကွယ်မှ သွားရည် တမြားမြားကျလျက် ချောင်းနေသော တောခွေးအုပ်စုက အိန္ဒြေမဲ့စွာ အရိုးအရင်းကို လုယက်, ကိုက်ခဲနေကြပြန်သည်။

တောင်ဆိတ်အုပ်စုက ဟိုးခပ်လှမ်းလှမ်းမှာ။ စောစောက အထိတ်တလန့်သည် အရိပ်လိုပဲ လိုက်ပါနေဟန် ရှိသည်။ ရိပ်မြုံသို့ ပြန်ရောက်ရေးပဲ အလေးထားနေကြပြီ ထင့်။ သစ်ရွက်နုလေးများ၊ မြက်နုလေးများ၊ ကြည်လဲ့သော စမ်းရေအိုင်လေးတို့ကို ရှိသည်လို့ မအောက်မေ့တော့။ အထိတ်တလန့် မျက်ဝန်းများက အခုထိမှုန်မှိုင်းနေဆဲ။ အစာဝဗိုက်ပြည့်သွားပြီ ဖြစ်သော ခြေင်္သေ့သည်လည်း တောင်ဆိတ်အုပ်စုကို ရှိသည်လို့ပင် မထင်သည့်အလား လေးတွဲပျင်းရိစွာ ရွေ့လျားနေသည်။

နောက်တော့လည်း တောကသစ်ပင်တို့၏ စိမ်းမြမှု၊ ရေ၏ ကြည်လင်မှု၊ တောကောင်ငယ် အုပ်စု၏ ကြောက်ရွှံ့မှုမဲ့ လှုပ်ရှားသွားလာမှု၊ တောကောင်ကြီးများ အိန္ဒြေရရဖြင့် ရမ္မက်ဆန္ဒ ပျောက်နေမှုတို့ကြောင့် မြင်ကွင်းက သာသာယာယာ ဖြစ်လို့ သွားသည်။ မမြင်ဝံ့, မကြည့်ဝံ့သော အနိုင်ကျင့်စိုးမိုးမှုက ငြိမ်သက်သွားပြန်သည်။ အကျည်းတန်မှုများ ထပ်မံ မမြင်ရတော့။ World Wide Channel အစီအစဉ်မှာ ကြီးနိုင်ငယ်ညှဉ်း သတ်ဖြတ်, စားသောက် ရက်စက်သော အနိဋ္ဌာရုံက ပါလာတတ်မြဲမို့ သူက သည်အစီအစဉ် ကို မနှစ်သက်သော်လည်း, မမြင်ချင်လည်း မြင်နေရ၊ မကြည့်ချင်လည်း ကြည့်နေရသည် ဆိုတော့ တခါတရံမှာ မျက်စိစုံမှိတ်, ခေါင်းငုံ့လျက် အာရုံကို လွှဲဖယ်နေမိသည်။ ကြည့်မိ၊ မြင်မိသည့် ခဏမှာတော့ တောင်ဆိတ်လေးများကို အားမလိုအားမရ ဖြစ်နေတတ်သည်။

(၂-ခ)

Fax ဖြင့် ဝင်လာသော ရုံးစာတစ်စောင်က စာပေးစာယူမှ တဆင့် အမှုထမ်းဌာန၊ အဲသည်မှ တဆင့် ဌာနခွဲစာရေးနှင့် ရုံးအုပ်တို့ကို အဆင့်ဆင့်ဖြတ်ပြီးနောက် ရုံးလုလင်လေးက သူဆီ လာပေးတော့ စာရွက်မှာ တံဆိပ်တုံးရာတွေ ဗရပွ ဖြစ်နေပြီ။

စာအမှတ်၊ ရက်စွဲတို့ကို ခပ်လျှမ်းလျှမ်းဖတ်ပြီး အကြောင်းအရာကို ဖတ်မိတော့မှ သူမျက်မှောင်ကျုံ့မိ သွားတော့သည်။ မျက်ခုံးထူထူများ အောက်သို့ကွေးညွှတ်။ အကြောင်းအရာအောက် စာကိုယ်ကို တစ်လုံးချင်း၊ တစ်ပိုဒ်ချင်းဖတ်သည့် အခိုက်မှာ သူ့ရင်ထဲ ဆို့ဆို့နင့်နင့် ဖြစ်သွားလေသည်။

…၏ တိုင်စာအရ ——————-။ သို့ ဖြစ်၍ တရားမဝင် ငွေကြေး အပိုတောင်းခံသော အငယ်တန်းစာရေး ဦးဝင်းကိုလတ်အား ရာထူးမှ ချထားလိုက်သည်။ ဌာနဆိုင်ရာ စစ်ဆေးမှုအတွက် ဥက္ကဋ္ဌ ဦး——–၊ အဖွဲ့ဝင် (၁) ဦး ——- နှင့် ဦး ——— တို့ဖြင့် ဖွဲ့စည်းလျက် ———— နေ့ နောက်ဆုံးထား၍ စစ်ဆေးချက် အစီရင်ခံစာ ပေးပို့ရန် ညွှန်ကြားလိုက်သည်။

စုံစမ်းစစ်ဆေးမှု အဖွဲ့ဝင်အဖြစ် သူပါရဦးမည်။ သူ သက်ပြင်မောချပြီး ခေါင်းအမော့မှာ တီဗွီဆီသို့ အကြည့်ရောက်သည်။

(၃-က)

သည်တခါ မြင်ကွင်းက သမင်လေးတွေပဲ ဖြစ်သည်။ သမင်ဖို, မ၊ သမင်ငယ်လေးများ။ ဦးချိုတကားကားဖြင့် သမင်ဖိုကြီးတွေက ကြည့်လို့တော့ ကောင်းသည်။ ခမ်းခမ်းနားနား၊ မားမားမတ်မတ်၊ ဝင့်ဝင့်ကြွားကြွားနဲ့မို့ တော၏ အရောင်အသွေး စိမ်းမြမြနှင့် လိုက်ဖက်လွန်းသည်။ မြက်နုလေးတွေ၊ သစ်ရွက်နုလေးတွေကို အေးချမ်းစွာ စားနေသည် ကိုက အပူအပင်ကင်းစွာ။

သမင်ငယ်လေးတွေ မြူးတူးခုန်ပေါက်နေပုံက ချစ်ဖို့ကောင်းသည်။ အပြစ်ကင်းမဲ့သော တောကောင်ငယ်လေးတွေ၏ လှုပ်ရှားမှုက အဟန့်အတား မရှိတော့ပြီ ဆိုတော့ လွတ်လပ်စွာ မြူးတူး ပျော်ပါးနေသည်ကို တွေ့ရသည်။ သူတို့ သစ်ရွက်နု၊ မြက်စိမ်းနုနုလေးတွေကို စားနေစဉ်မှာ ကျား၊ ခြင်္သေ့၊ ကျားသစ်စသည့် သားစားကျူးသော တောကောင်ကြီး တစ်ကောင်ကောင် သို့မဟုတ် တောခွေး၊ ခွေးအအုပ်စုများ ပေါ်လာမလား ဟု စိတ်တထင့်ထင့်ဖြင့် ကြည့်နေမိသည်။ တောကောင်ငယ် သမင်လေးတွေ၏ အနံ့ခံအာရုံမှာ ဘာမှမရှိဟန် ဖြစ်ပေါ်နေပုံ ရသည်။ လှုပ်လှုပ်ရှားရှားမရှိ။ အန္တရာယ်နံ့ မရဟု ထင်ပါသည်။ ချစ်စရာ သမင်အုပ်စုလေး အစာဝပြီထင့်။ ရေချောင်းလေးဆီ တရွေ့ရွေ့ချဉ်းကပ် လာသည်။

ဟော.. ငြိမ်သက်နေသဖြင့် သစ်တုံး ဟု ထင်မှတ်မှားရသော မိချောင်းတစ်ကောင်။ တော်တော့်ကို ကြီးပါသည်။ ဘုရား… ဘုရား သမင်းလေး တစ်ကောင်ကောင်တော့ ပါသွားတော့မှာလား။ သူ စိုးရိမ်ကြီးစွာ ကြည့်နေမိသည်။

“ဟေ့… မင်းတို့ရဲ့ ရန်သူ ရေထဲမှာ၊ သစ်တုံးယောင်ဆောင်နေပြီ၊ အမြီးတစ်ချက် ယမ်းလိုက်တာနဲ့တင် ရေထဲဘိုင်းကနဲ ပစ်ကျပြီး အလျားရှည် ပါးစပ်ကြီးရဲ့ ချွန်မြ, ထက်ရှတဲ့ သွားတွေအောက်မှာ ပွဲသိမ်းသွား လိမ့်မယ်။ သတိ… သတိထား ရေလယ်ထိ မဆင်းနဲ့”

(၃-ခ)

ဝင်းကိုလတ်အား ရာထူးချ ရုံးစာထုတ်ဖို့ ထုံးစံအတိုင်း တစ်ဆင့်ချင်း လက်လွှဲလျက် စာကြမ်းတစ်စောင် သူ့ဆီရောက် လာသည်။ စာကြမ်းဖတ်ပြီး လိုဖြည့်၊ ပိုဖြုတ်၊ သတ်ပုံသတ်ညွှန်းပြင်ပေးပြီး လက်မှတ်တို ထိုးပေးတော့ စာပွဲအသီးသီးသို့ တစ်ဆင့်ချင်း ပြန်သွားကာ နောက်ဆုံး ကွန်ပျူတာရိုက်ပြီး သူ့လက်ထဲရောက်တော့ ရုံးပင်ဆင်းလုပြီ။ ဝင်းကိုလတ် သိထားပြီး ဖြစ်မည်။ မျက်စိမျက်နှာ ပျက်နေပြီ။

ကျန် ဝန်ထမ်းများကလည်း သိထားပြီး ဖြစ်ပုံရသည်။ ဒါမျိုးက ချက်ချင်းသတင်း ပျံ့လွယ်သည်ပဲ။

“အင်း လုပ်ပေးရမှာပေါ့… သိတယ်မဟုတ်လား”

“သည်တစ်ခါတော့ ဆင်တစ်ကောင်လုပ်ပါနော်”

“ခက်ခက်ခဲခဲ လုပ်ပေးရမှာဗျ…အိုကေ…အိုကေ”

“ရေလေးတော့ လောင်းခဲ့ပါအုံးအမကြီးရာ”

ကြားနေကျအသံများ ငြိမ်ဆိတ်သွားသည်။ အထိတ်တလန့် ဖြစ်သွားကြပြီ ထင်သည်။

ရုံးအဆင်းမှာတော့ ခါတိုင်းလို ကျွက်စီကျွက်စီ မဟုတ်တော့ဘဲ စကားတို့ ဆွံအလျက် …။ ဝင်းကိုလတ်ကတော့ နောက်တစ်နေ့ ရုံးလာတက်စရာ အကြောင်းမရှိတော့ပြီ။ စုံစမ်းစစ်ဆေးအရေးယူမှု မပြီးမချင်း နေရပေဦးမည်။ လာဘ်ပေးလာဘ်ယူ ပ,ပျောက်ရေး အလေးထား ဆောင်ရွက်နေသော ကာလ၊ အဂတိ ပ,ပျောက်ရေးကို အစွမ်းကုန် ဆောင်ရွက်နေသော ကာလ၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကာလမှာ ဝင်းကိုလတ်အဖို့ အဆိုးဆုံး အနေအထားကိုသာ ငံ့လင့်နေလိမ့်မည် ထင်သည်။ တိုင်ကြားသူက အပိုင်ချည်ပြီး, တုပ်ပြီး မလှုပ်သာ, မလူးသာ အနေအထားကို ဆုပ်ကိုင်ထားသည်။ ဝင်းကိုလတ် ရုန်းထွက်ဖို့ မစွမ်းသာ ဟု သူ ထင်သည်။

(၄-က)

သူ့စိုးရိမ်ပူပန်မှုဖြင့် သမင်အုပ်စုကို ဟန့်တား၍ ရပါက ဟန့်တားလိုက်ချင်ပါသည်။ TV အစီအစဉ် ရိုက်ကူးသူတို့၏ နှလုံးသားကို သူ အံ့သြနေမိသည်။ ဒါဟာ ဖျော်ဖြေမှုလား၊ ဒါမှမဟုတ် အကြင်နာ ကင်းမဲ့တာလား၊ သူဝေခွဲရခက်, တွေးဆ, နေဆဲမှာပဲ ရေချောင်းကလေးက ရေစက်ရေမှုန်တို့  ဖွာကနဲ ဖြစ်ပြီး ဝရုန်းသုန်းကား ဖြစ်သွားတော့သည်။

အတင့်ရဲတာလား၊ ရှေ့ကဦးဆောင်တာလား၊ သတိကင်းမဲ့တာလား မသိ။ သမင်ဖိုကြီး တစ်ကောင်၏ လည်ပင်းက မိကျောင်းကြီး၏ အလျားရှည် ပါးစပ်ထဲမှာ မလွတ်တမ်း ဖြစ်နေပြီ။ ရုန်းရင်းကန်ရင်းမှာပဲ ချောင်းငယ်လေး၏ ရေပြင်က သွေးချင်းချင်း နီသွားတော့သည်။ ကျန်သော သမင်တို့ ရေချောင်းလေးကနေ ကုန်းပေါ်သို့ ကြောက်လန့်တကြား သူ့ထက်ငါ ဦးအောင်တက်ရင်း အလုအယက် ပြေးနေကြသည်။

တော၏ အရောင်, အရိပ်တို့ကား အကျည်းတန်သွားပြန်လေပြီ။

(၄-ခ)

ဌာနခွဲပေါင်းစုံအတွက် လိုအပ်သော စာရေးကိရိယာများ ထုတ်ပေးရသော သူနှင့်ရာထူးတူ သိုလှောင်ရုံအကြီးအကဲ ဒေါ်ချောချောကို ထိန်းသိမ်းလိုက်ပြီး ၎င်း၏အိမ်ကိုပင် ချိတ်ပိတ်လိုက်ပြီ ဆိုတော့ သူတို့ တစ်ရုံးလုံး တီးတိုးတီးတိုး၊ သဖန်းပိုး ဖြစ်ကုန်ကြသည်။

“နောက်တောင်ကျနေသေး၊ စောစောထဲက လုပ်ရမှာ”

“သားသမီးတွေကို စင်္ကာပူမှာ ကျောင်းထားတဲ့ အဆင့်ဆိုတော့ ဘယ်လောက်ဝိုက်ထားမှန်းမှ မသိတာ”

“ဒါလည်း တိုင်တဲ့သူပေါ်လာလို့ လုပ်ရတာနေမှာ၊ နိုမို့ဝေးသေး”

“ဒေါ်ချောချော နောက်မှာ၊ ရှေ့မှာ အများကြီး တစ်နွယ်ငင်တစင်ပါ… ရှုပ်ကုန်မှာပဲ”

စကားသံများကတော့ သွေးပူစ,မှာ ပျံ့လွင့်လို့နေသည်။ သူတို့တစ်ရုံးလုံး မျက်နှာတွေမကောင်းကြ။ လေးညှို့သံတွေ ကြားမှာ နေရမှတော့ ညောင်သီးစားဖို့ ကြောက်ရွံ့နေသည့် ငှက်ကလေးတွေ လို ဖြစ်နေကြပြီ ဟု သူက တွေးနေမိသည်။

(၅-က)

ယုန်ကလေးတွေ၊ ချေငယ်လေးတွေ၊ သမင်လေးတွေ၊ ဒရယ်လေးတွေ၊ တောဆိတ်၊ တောင်ဆိတ်စသည့် တောကောင်ငယ်လေးတွေက လိုအပ်သော အဟာရအတွက် သစ်သီး၊ သစ်ရွက်၊ မြက်ခင်းနုနုလေးတွေနှင့် စမ်းချောင်း, ရေအိုင်လေးတွေဆီ အချိန်တန်တော့လည်း ရောက်လာရတာပဲ ဖြစ်သည်။

သားစားကျူးသော ကျားရဲ၊ ခြင်္သေ့၊ မိကျောင်း တို့၏ ရန်ကို ရှောင်ရင်းတိမ်းရင်း၊ ကံဆိုးသူ ကျန်ရစ်ရင်း၊ တော၏ ဂေဟစနစ်က သည်အတိုင်းပဲ ဖြစ်နေပါလိမ့်မည်။

(၅-ခ)

“အမြန်ဆုံးကျအောင် တင်ပေးမယ်နော်…၊ ဆရာသမားကိုပါ ကန်တော့ရမှာဆိုတော့ …”

“လမ်းစရိတ်လေးပါ ထည့်ပေးလေ…၊ လက်ဖက်ရည်ဖိုးလောက်သာ ဆိုရင် နည်းနေမှာပေါ့”

“သဘောပေါက်ပါတယ် နော်…၊ ဝန်ဆောင်မှုဆိုတာကို…”

“ကျွန်တော့်အဆင့်နဲ့ မပြီးဘူး၊ အဆင့်တွေအများကြီး ဖြတ်ရအုံးမယ်”

သူ့ ရုံးဝန်ထမ်းများကို ကြည့်ရင်း, ကြည့်ရင်းမှာပင် သမင်လေးတွေ၊ ချေငယ်လေးတွေ၊ တောင်ဆိတ်လေး တွေနှင့် တူပဲတူနိုင်လွန်းသည် ဟု သူက ထင်နေမိလေသည်။ သူကရော… ခုခံနိုင်စွမ်းရှိသည့် ချိုကားကားနှင့် တောကျွဲလောက်တော့ ဖြစ်နေမလား။ တောကျွဲလည်း အကြောက်အရွံ့မဲ့ အစာငမ်းငမ်းတက်ဖြစ်ပြီး သတိကင်းလွတ်, သင်းကွဲဖြစ်ချိန်မှာ သားကောင်ကြီး ၂ ကောင်, ၃ ကောင် ညှပ်လျက် တိုက်ခိုက်လျင်တော့ …။

သူ… ကြက်သီးမွေးညှင်း ထ,သွားလေသည်။

(၆)

လိုအင်ဆန္ဒအတွက် အချိန်တန်တော့လည်း…။ တစ်ခုတော့ရှိသည်…၊ ‘လူနှင့် တိရစ္ဆာန်မှာ… လူက လောဘနှင့် ပိုမိုယဉ်ပါးနေတတ်ပါသည်’ လေ။

ရဲသျှမ်း

Leave a Reply

Your email address will not be published. Required fields are marked *